မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရ၏ အမည်ခံငြိမ်းချမ်းရေးလုပ်ငန်းစဥ်အပေါ် ဥပဒေစိုးမိုးရေး ရှုထောင့်မှ သုံးသပ်ချက်

၁။ အာဏာရှင် ဗိုလ်နေဝင်းမှစ၍ ခေတ်အဆက်ဆက် စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ အာဏာ တည်မြဲရေးအတွက် အမည်ခံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဖန်တီး အသုံးချခဲ့ကြသည်။ ၁၉၈၉ ခုနှစ် နောက်ပိုင်း နဝတ/နအဖ သည် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) အား ဖြိုခွင်းရန်အတွက် ယင်းလုပ်ငန်းစဉ်ကို စတင်အသုံးချခဲ့သည်။ မြန်မာပြည်အရှေ့မြောက်ဒေသ၌ ဗကပ လက်အောက်ရှိ လူမျိုးစုလက်နက်ကိုင် တပ်ဖွဲ့ တဖွဲ့ချင်းစီအား ခွဲထုတ်၍ ပဏာမအပစ်အခတ်ရပ်စဲခြင်း၊ ယင်းအဖွဲ့များ၏ တပ်နှင့် လှုပ်ရှားထိန်းချုပ် နယ်မြေ များအား အထူးဒေသများအဖြစ် (တရားဝင်မဟုတ်) အသိအမှတ်ပြုပေးခဲ့ခြင်း၊ အဆိုပါဒေသများကိုအခြေခံ၍ အုပ်ချုပ်ရေးယန္တရားများအား တည်ထောင်လည်ပတ်ခွင့်ပြုခဲ့သည်။ ယင်းဒေသရှိ လူထု၏မြေယာအပေါ် စိတ်ကြိုက်စီမံအသုံးချခွင့်၊ တရားမဝင်သစ်ထုပ်လုပ်ခြင်းနှင့် သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအပါအဝင် အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းများကိုလည်း ခွင့်ပြုပေးခဲ့သည်။  ထို့အပြင် မူးယစ်ဆေးဝါး လုပ်ငန်းနှင့် အခြားရာဇဝတ်မှုလုပ်ငန်းများကိုပါ မျက်ကွယ်ပြုပေးခဲ့သည်။ သို့သော် စစ်မှန်သည့် ငြိမ်းချမ်းရေးအတွက် မည်သို့မျှ အထောက်အကူမပြုခဲ့ပေ။

၂။ အခြားတဘက်တွင် တော်လှန်ရေးအင်အားစုများသည်လည်း ခေတ်အဆက်ဆက် စစ်ခေါင်းဆောင် များနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းဖြေရှင်းဆောင်ရွက်နိုင်ရေးမူကို တဖွဲ့ချင်းအနေဖြင့် သော်လည်းကောင်း၊ တပ်ပေါင်းစုအနေဖြင့် သော်လည်း ကောင်းချမှတ်ဖော်ဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ် နောက်ပိုင်း NCUB/ NCGUB ခေတ်ကာလတလျှောက်လုံး၌ သုံးပွင့်ဆိုင်ဆွေးနွေးရေး လမ်းကြောင်း (တိုင်းရင်းသား တော်လှန်ရေး အင်အားစုများက တဘက်၊ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီမိုကရေစီအင်အားစုများ ကတဘက်၊ နဝတ/နအဖ က တဘက်) အား ချမှတ်ဖော်ဆောင်ခဲ့ကြသော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

၃။ နွေဦးတော်လှန်ရေး ၅ နှစ်ကျော်လာသည့် ယနေ့မျက်မှောက်ကာလ၌ မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းစစ်အစိုးရ (စစ်ကာင်စီ/စစ်ကော်မရှင်) သည်လည်း ယခင်စစ်ခေါင်းဆောင်ဟောင်းများ၏ လမ်းဟောင်းအတိုင်း ဦးတည်လျှောက်လှမ်း လာနေသည်ကို တွေ့ရသည်။ ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ လူထုထောက်ခံမှုနှင့် နယ်မြေ အမြောက်အများ သိမ်းပိုက်ရရှိခဲ့သည့် ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက MNDAA သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၈) ရက် နေ့တွင် စစ်ကောင်စီ/ စစ်ကော်မရှင် နှင့် အပစ်ရပ်လိုက်သည်။ ထို့နောက် TNLA သည်လည်း ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်နေ့တွင် ထပ်မံအပစ်ရပ်လိုက်ရသည်။ ဤသည်မှာ စစ်အစိုးရ (စစ်ကောင်စီ/ စစ်ကော်မရှင်) ၏ ပဏာမ ခြေလှမ်းတရပ်သာ ဖြစ်သည်။

၄။ လွန်ခဲ့သည့် လတချို့၌ စစ်ကော်မရှင်ကိုယ်စားလှယ်များနှင့် TNLA တို့အကြား တရုတ်နိုင်ငံ ကူးမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများထွက်ပေါ်လာသည်။[3] KIO/KIA ကလည်း ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်သည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မည်ဆိုပါက ဆွေးနွေးသင့်ပါကြောင်း သဘောထား ထုတ်ဖော်ပြောဆို လာပါသည်။[4] ထို့အပြင် ထိုင်းနိုင်ငံအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် စစ်ကော်မရှင်တို့အကြား တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ကူညီဆောင်ရွက် ပေးနိုင်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆတ်ဖုန်ကတ်ကရောင်းက ထုတ်ဖော်ပြောကြားခဲ့သည်။[5] အာဆီယံနှင့် ဒေသတွင်းနိုင်ငံကြီး များ၏ အလားတူ တိုက်တွန်းပြောဆိုမှုများကို NUG အပါအဝင် တော်လှန်ရေး အင်အားစုများက မလွဲမသွေ ထပ်မံရင်ဆိုင် ရလာနိုင်ဘွယ်ရှိသည်။

၅။ လတ်တလောတွင် မင်းအောင်လှိုင်ဦးဆောင်သော အာဏာသိမ်းစစ်အစိုးရသည် အမည်ခံငြိမ်းချမ်းရေး နှင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းအား ပုံဖော်လျက်ရှိသည်။[6] အဆိုပါ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းတွင် CRPH/NUG ကို ချန်လှပ်ထားပြီး တိုင်းရင်းသားခုခံစစ်ဆင်တဖွဲ့ချင်းစီအား ရက်ပေါင်း ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ရန် ဖိအားပေး မြူဆွယ်လျက်ရှိသည်။

၆။ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေး၍ ငြိမ်းချမ်းရေးရှာဖွေခြင်းသည် မည်သို့မျှ အောင်မြင် နိုင်မည် မဟုတ်ကြောင်း သမိုင်းက သက်သေထူခဲ့ပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ လက်ထက်၌ အကောင်အထည်ဖော်ဆောင်ခဲ့သော NCA ဗဟိုပြု ငြိမ်းချမ်းရေးရှာဖွေမှုလုပ်ငန်းစဉ် သည်လည်း အောင်မြင်မှုမရရှိဘဲ အဆုံးသတ်ခဲ့ရသည်။ အဆိုပါ လုပ်ငန်းစဉ်တခုလုံးသည် စစ်အာဏာရှင် စနစ်ကို အခိုင်အမာ တည်ဆောက်ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် စစ်တပ်အဓိက လွှမ်းမိုး ချုပ်ကိုင် ထားသည့် နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် အောက်တွင် အလုံးစုံထိန်းချုပ်ခံထားခဲ့ရသည်။

၇။ အထက်ပါ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်တခုလုံးသည် ခေတ်အဆက်ဆက်က စစ်အာဏာရှင် ဟောင်း/ သစ်များ၏ စီမံထိန်းချုပ်ထားသည့် လုပ်ငန်းစဉ်တရပ်သာဖြစ်ခဲ့သည်။ ၎င်းတို့အလိုကျ အချိန်ကို အကန့်အသတ်မရှိ ဆွဲဆံ့နိုင်ရုံသာမက အလွယ်တကူ ဖျက်ဆီးနိုင်သည့် အနေအထားဖြစ်သည်။ အထူးသဖြင့် အပစ်ရပ်ကာလ၌ တော်လှန်ရေးအင်အားစုများအကြားတွင် အကျိုးစီးပွားအပေါ်အခြေခံသည့် သပ်လျှို သွေးခွဲမှု များကြောင့် အချင်းချင်းပဋိပက္ခဖြစ်ပေါ်၍ လူထုထောက်ခံမှု ကျဆင်းလာအောင် စီမံဆောင်ရွက်သည်။ အခြားတဘက်တွင် ၎င်းတို့အာဏာတည်မြဲရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အပါအဝင် အခြား  မတရားတည်ဆဲဥပဒေများကို အသုံးချ၍ ရေရှည်ဖိနှိပ်အုပ်ချုပ်သွားနိုင်ရေး မဟာဗျူဟာ ချမှတ် ဖော်ဆောင်နိုင် ခဲ့ကြသည်။

၈။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်အစိုးရ (စစ်ကောင်စီ/စစ်ကော်မရှင်) သည် အရပ်သားလူထုများ အပေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားဆန့်ကျင်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုကဲ့သို့သော နိုင်ငံတကာအဆင့် ကြီးမားပြင်းထန်သည့် ပြစ်မှုကြီးများကို ဆန့်ကျင်ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ ဖြစ်သည့် အတွက် နိုင်ငံတကာ အဆင့် တရားရုံးများ၌ ရုံးတင် တရားစွဲဆိုထားခြင်း ခံနေရသည်။

၉။ သို့ဖြစ်ပါ၍ လက်ရှိအချိန်တွင် မင်းအောင်လှိုင်နှင့် ၎င်း၏နောက်လိုက်အပေါင်းအပါတို့သည် နိုင်ငံ တကာရာဇဝတ်ကောင်အဆင့်သို့ သက်ဆင်းသွားပြီးဖြစ်၍  ၎င်းတို့နှင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာခြင်းသည် ဥပဒေစိုးမိုးရေးကိုဆန့်ကျင် သည်။ မည်သို့မျှ တရားဝင်မည် မဟုတ်ပေ။ ယင်းတို့ နိုင်ငံတကာအဆင့် တရားရုံးများ၌ အပြစ်ပေးအရေးယူနိုင်ရေးကိုသာ အင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။ သို့မှသာ ပြစ်မှုကျူးလွန်ပြီး လွတ်ကင်းခွင့်ရနေသည့် သံသရာဆိုးကြီးကို အဆုံးသတ်နိုင်မည်ဖြစ်ပါသည်။

ထို့အပြင် တော်လှန်ရေးအင်အားစုများ အကြားတွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံ သဘောတူညီချက်များကို ချမှတ်၍ အသွင်းကူးပြောင်းရေးဆိုင်ရာ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ နှင့် သက်ဆိုင်ရာ ပြည်နယ်များ၏ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများအား ရေးဆွဲအတည်ပြု ကျင့်သုံးနိုင်ရေးကို အင်တိုက်အားတိုက် ဦးတည်ဖော်ဆောင်သင့်ပါသည်။ ယင်းဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ နောက်ခံမှနေ၍ တိုင်းပြည်ယန္တရား၊ တိုင်းပြည်အဆောက်အအုံများ၊ အထူးသဖြင့် ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းတည်ထောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။

ဥပဒေအထောက်အကူပြုကွန်ရက်                                                                                     ၂၀၂၆ ခုနှစ်၊ ဧပြီလ (၂၄) ရက်။ 

အသေးစိတ်သိလိုပါက ဆက်သွယ်ရန် - 
ဒေါ်ရွယ်ဆန့်အောင် - စီမံခန့်ခွဲရေးအဖွဲ့ခေါင်းဆောင် (Email: legalaidnetwork@gmail.com)
ဦးလဖိုင်နော်ဆန့် - စီမံခန့်ခွဲရေးအဖွဲ့ဝင် (Signal; - +86 18488513919)
Alex - စီမံခန့်ခွဲရေးအဖွဲ့ဝင် (Signal: +95 9 797 071639)

Comments are disabled