ယနေ့အချိန်တွင် ကျောင်းသားခေါင်းဆောင် ဆလိုင်းကိုတင်မောင်ဦး၏ တွေးခေါ်၊ ရပ်တည်၊ လှုပ်ရှား၊ စွမ်းဆောင်ခဲ့မှုများ အဘယ်ကြောင့်ပြန်လည်၊ နိုးကြား၊ ရှင်သန်လာဘို့လိုအပ်သလဲ။
ဆလိုင်းကိုတင်မောင်ဦးသည် သမိုင်းတွင်သတ္တိအရှိဆုံး ကျောင်းသားခေါင်းဆောင်အဖြစ် စစ်အာဏာ ရှင်စနစ်ကို မည်သည့်အခါမျှ ဒူးမထောက်စတမ်း တိုက်ပွဲဝင်ရေးစိတ်ဓာတ်ကို အပြတ်သားဆုံးအုတ်မြစ်ချခဲ့သည့်အာဇာနည်ဖြစ်သည်။ စစ်အာဏာရှင်နေဝင်းနှင့် စေ့စပ်ခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းအလျဉ်းမရှိဘဲ သတ္တိပြောင်စွာ ကြိုးစင်တက်သွားခဲ့သူဖြစ်သည်။ လူထုလူ့အဖွဲ့အစည်းကို ဦးဆောင်လျက် စစ်အာဏာရှင်စနစ်ကို ကိုင်အလှုပ်နိုင်ဆုံး၊ ကျောင်းသားနှင့် အလုပ်သမားလူ့အလွှာနှစ်ရပ်ကို အပေါင်းစပ်နိုင်ဆုံး၊ ထိုခေတ်က တပ်ဗိုလ်တပ်သားများအား အစည်းရုံးနိုင်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်ခဲ့သည်။ “စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကြီး” ကို အဓိကထားလျက် လက်နက်ကိုင်တော်လှန်ရေးနှင့် ပေါင်းစပ်ရန် ကြိုးပမ်းခဲ့ခြင်းသည် ကိုတင်မောင်ဦး၏ အဓိကမဟာဗျူဟဖြစ်သည်။
ကိုတင်မောင်ဦး၏ ရဲရဲတောက်လှုပ်ရှားမှုများအား ယနေ့အချိန်တွင် အထူးတလည်ပြန်လည်ဖော်ထုတ်ရန် အဘယ်ကြောင့်လိုအပ်သနည်း။ အချက်လေးချက်ကြောင့်ဖြစ်သည်။
(၁) လက်ရှိကာလတွင် အကြောင်းအမျိုးမျိုးပြကာ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေး နိုင်ငံရေးလမ်းကြောင်းမှားကိုတင်လာသည့် အဖွဲ့အစည်းအမျိုးမျိုးနှင့် ခေါင်းဆောင်အတော်များများတို့ရှိလာနေသည်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို လိုသလိုအဓိပ္ပါယ်ဖွင့်ဆိုကာ လက်နက်ကိုင်တော်လှန်စစ်သည် ညှိနှိုင်းဆွေးနွေးခြင်းနှင့် အဆုံးသတ်ရမည်လိုလို နိုင်ငံရေးလမ်းကြောင် (လမ်းကြောင်) များအားဖန်တီးသူများရှိလာနေသည်။
(၂) လက်နက်ကိုင်တော်လှန်၊ ခုခံစစ်ကို အသိအမှတ်ပြုတန်ဘိုးထားသော်လည်း ၎င်းကိုသာအဓိကထားလွန်းနေကြသောအခါ လူ့အဖွဲ့ အစည်းတခုလုံးအတွက် မကောင်းသည့်သက်ရောက်မှုများအား လက်တွေ့မြေပြင်တွင် တွေ့လာနေရသည်။ သို့ဖြစ်၍ လက်နက်ကိုင်တော်လှန်၊ ခုခံစစ်ဆင်မှုအရှိန်အဟုန်မကျဆင်းစေဘဲ ပြည်ထောင်စုနိုင်ငံတဝှမ်းလုံးတွင် “စစ်အာဏာရှင်စနစ်အား အကုန်အစင်တိုက်ဖျက်နိုင်ရေးအတွက် ငြိမ်းချမ်းသော လူထုလှုပ်ရှားမှုကြီး” အားမည်ကဲ့သို့စနစ်တကျဖော်ဆောင်မည်ကို နည်းလမ်းရှာရန် အချိန်ရောက်ပြီဖြစ်သည်။
(၃) ယနေ့ခေတ်တွင် တဦးချင်း၊ တမျိုးသားချင်း၊ တနိုင်ငံချင်း ကောင်းစားရေးက အဓိကလား၊ သို့မဟုတ် ယင်းအခြေခံကိုထိန်းသိမ်းလျက် ကမ္ဘာတဝှမ်းလုံးနိုင်ငံများရှိ လူထုအများစုကြီး၏ ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုး၊ တိုးတက်ရေးအား အဓိကဦးတည်ဖော်ဆောင်သွားမည်လား ဟူသည့်နှစ်ရပ်အပေါ် အားပြိုင်လျက်ရှိသည်။ ကိုတင်မောင်ဦးသည် ချင်းအမျိုးသားဖြစ်သဖြင့် တမျိုးသားချင်းကောင်းစားရေးဝါဒကို မဆန့်ကျင်၊ သို့ရာတွင် ၎င်းကိုယ်တိုင်ကမူ တမျိုးသားချင်းကောင်းစားရေးဝါဒသက်သက်ကိုသာ မည်သည့်အခါကမျှ အဓိကမထားခဲ့။ ပြည်ထောင်စုတနိုင်ငံလုံးရှိတိုင်းရင်းသား၊ နိုင်ငံသားအားလုံးကောင်းစားရေး တနည်းအားဖြင့် ပြည်ထောင်စု အမျိုးသားရေးဝါဒကိုကိုင်စွဲခဲ့ကြောင်းတွေ့ရသည်။
(၄) ယခုအချိန်တွင် တော်လှန်ရေးအခြေခံမှကြည့်ပါက ပြည်တွင်းနှင့် နိုင်ငံတကာလှုပ်ရှားမှုနှစ်ခုအနက် မည်သည်ကအဓိကဟူသည့်အပေါ် ဝေဝါးမှုများရှိနေသည်။ ပြည်တွင်းလှုပ်ရှားမှုများကိုယ်တိုင်က ဖက်ဒရယ် ဒီမိုကရေစီနှင့်စပ်လျဉ်း၍ ရှင်းလင်းသောနိုင်ငံရေးလမ်းကြောင်းအား ညီညွတ်စွာမတည်ဆောက်နိုင်သေးပါ။ သို့ပါလျက် နိုင်ငံတကာနှင့်ဆက်စပ်လှုပ်ရှားရန်ကြိုးစားသောအခါ အားပျော့ရုံသာမက ပိုမိုရှုပ်ထွေးစေသည်။ ဆလိုင်းကိုတင်မောင်ဦး ဦးဆောင်ခဲ့သည့်ခေတ်တွင် မည်သည့်နိုင်ငံတကာအကူအညီမျှမရှိဘဲ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးလမ်းကြောင်းကို ရှင်းလင်းစွာချမှတ်နိုင်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး ပြည်သူသန်းနှင့်ချီ ပါဝင်ခဲ့သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲ ကြီးများအတွင်း အထူးသဖြင့် Generation Z ဟု အမည်ရခဲ့သည့်ကျောင်းသား၊ လူငယ်အဖွဲ့အစည်းများ၊ သပိတ်ခေါင်းဆောင်များက ဦးဆောင်ချမှတ်ခဲ့သည့် အောက်ပါ နိုင်ငံရေးစံထားချက် (သို့မဟုတ်) မူ နှစ်ရပ်သည် မြန်မာနိုင်ငံလက်တွေ့အခြေအနေတွင် ဥပဒေစိုးမိုးရေးနှင့်သာမက ကျောင်းသားခေါင်းဆောင် ဆလိုင်း ကိုတင်မောင်ဦး၏လမ်းစဉ်နှင့်ပါ ကိုက်ညီနေကြောင်းတွေ့ရသည်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။
ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
