BNRA နှင့် NUG တို့လက်နက်ကိုင်ပဋိပက္ခဖြစ်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကိုမျှော်ကိုးကာ လူအခွင့်အရေး၊ ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုရရှိရေးအခြေခံတို့မှ သုံးသပ်ထုတ်ပြန်ချက်

ဥပဒေအထောက်အကူပြုကွန်ရက်သည် ဥပဒေစိုးမိုးရေးအား အဓိကထားသည့်အားလျော်စွာ ဥပဒေစိုးမိုး ရေးကို ထင်ထင်ရှားရှားဖောက်ဖျက်ကျူးလွန်လျက်ရှိသော ကာချုပ်မင်းအောင်လှိုင် ခေါင်းဆောင်သည့်စစ်အာ ဏာရှင်များထံ တော်လှန်ရေးသမားဟု အမည်ခံယူထားသူများက လက်နက်ချ၊ အညံ့ခံ၊ ဒူးထောက်သွားသည့် ဖြစ်ရပ်မှန်ကန်လျှင် အပြင်းအထန်ရှုံ့ချ၊ ကန့်ကွက်ပါသည်။ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကိုဦးဆောင်ခဲ့သော ဗိုလ်နဂါးအနေဖြင့် စစ်ကောင်စီ (စစ်ကော်မရှင်) ထံလက်နက်ချသွားပြီဖြစ်ကြောင်း သတင်း များတွင်ကျယ်ပြန့်စွာ ထွက်ပေါ်လျက်ရှိသည်။ ယင်းမှာ ဥပဒေစိုးမိုးရေးကို ပိုမိုထိခိုက်ပျက်စီးစေသည်။

ယင်းသို့ဖြစ်ပျက်သွားသည့်နောက်ခံမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနအနေဖြင့် ဗိုလ်နဂါးနှင့် BNRA ရှိရဲဘော်အချို့အပေါ် စစ်ရေးအရ အရေးယူရန်ကြိုးပမ်းမှုမှာ ဥပဒေ စိုးမိုးရေးကိုဆန့်ကျင်သည့် အဆင့်သို့ရောက်ရှိသွားကြောင်း လေ့လာရသည်။ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေပြန့်ဒေသတွင် တည်ရှိနေသော လက်နက်ကိုင်အဖွဲ့အစည်းတရပ်ရပ်က ဥပဒေစိုးမိုးရေးကိုဆန့်ကျင်ကာ ပြည်သူလူထု၏ အခြေခံလွတ်လပ်မှုအခွင့်အရေးများကို ချိုးဖောက်ပါက တရားဝင်အစိုးရအနေဖြင့် ကြေညာ၊ ရပ်တည်၊ လှုပ်ရှားလျက်ရှိသော အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်ဆိုင်ရာဝန်ကြီးဌာနက အရေးယူခွင့်ရှိသင့်သည်။ သို့ရာတွင် ဥပဒေစိုးမိုးရေးအခြေခံတွင် လက်ရှိတည်ဆဲဥပဒေများကို တိတိကျကျလိုက်နာကာ အရေးယူခြင်းမျိုးဖြစ်ရန်လိုသည်။ ယခု BNRA နှင့်ဖြစ်သောပဋိပက္ခတွင် တည်ဆဲဥပဒေ များနှင့်အညီ စနစ်တကျဆောင်ရွက်ထားခြင်းမရှိကြောင်း တွေ့ရသည်။

လက်နက်ကိုင်စွဲကာ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသော တော်လှန်ရေးအဖွဲ့အစည်း၊ ခုခံစစ်ဆင် အဖွဲ့အစည်းအားလုံးကို ဥပဒေအထောက်အကူပြုကွန်ရက်က လေးစားအသိအမှတ်ပြုသည်။ သို့ရာတွင် ၎င်းအဖွဲ့ အစည်းများအားလုံး (NUG ၏ကြီးကြပ်မှုအောက်တွင် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ) သည်လည်း ဥပဒေစိုးမိုး ရေးအခြေခံတွင် လက်ရှိတည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်လိုအပ်သည်။ သာဓကအားဖြင့် ပြစ်မှု ဆိုင်ရာဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေ၊ တရားရုံးများလက်စွဲ၊ ထောင်လက်စွဲ၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေများ၊ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ (မူရင်း) အစရှိသည့် တည်ဆဲဥပဒေများအား လေးလေးစားစား လိုက်နာကျင့်သုံးရပါမည်။ ယင်းဥပဒေများအား အတည်ပြုခြင်း (Law Enforcement) ကို အနည်းဆုံးအားဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း၊ မြေပြန့်ဒေသများတွင် အမျိုးသားညီညွတ်ရေးအစိုးရက ဆောင်ရွက် ခြင်းမှာ အကောင်းဆုံးဖြစ်နိုင်သည်။ ပြဿနာမှာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်က တည်ဆဲဥပဒေ များအား တိတိကျကျ လိုက်နာဖော်ဆောင်မှုမပြုခြင်းပင်။ ယင်းကိုသက်သေပြန်ရန်အတွက် BNRA နှင့် NUG တို့ လက်နက် ကိုင်ပဋိပက္ခကိုထောက်ပြပြီး အောက်တွင်သုံးသပ်၊ တင်ဆက်အပ်ပါသည်။

(၁)        BNRA နှင့် NUG တို့သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပဋိပက္ခဖြစ်ကြသည်။ NUG က ထောင်နှင့်ချီ သော PDF များကိုစုစည်းကာ ရန်သူသဖွယ် သဘောထား၍ BNRA အားဝိုင်းပတ်၊ ပိတ်ဆို့၊ တိုက်ခိုက်ခဲ့သော ကြောင့်ဖြစ်သည်။ BNRA ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တော်လှန်ရေးရဲဘော်တိုင်း၊ ပြည်သူလူထုတိုင်းတွင် (Presumption of Innocence) ဥပဒေအရ အပြစ်ကင်းမဲ့ကြောင်း မှတ်ယူခွင့်ရှိသည်။ ရန်သူ့သူလျှိူအဖြစ် မှတ်ယူခံရသူကိုလည်း တရားရုံးတွင်တင်ကာ တရားစွဲ၊ ဥပဒေအရ သက်သေခံအထောက်အထား ပြည့်ပြည့်စုံစုံ နှင့်တင်သွင်းသည့်အပေါ် တရားရုံးကပြစ်ဒဏ်စီရင်သည့်အချိန်အထိ မည်သူ့ကိုမဆိုအပြစ်ကင်းမဲ့ကြောင်း မှတ်ယူ ရပါမည်။

(၂)        ဖေဖော်ဝါရီလ ၁၇ ရက်တွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားကြပြီးနောက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် NUG ၏ပြည်ထဲရေးဝန်ကြီးဌာနက ရှင်းလင်းချက်စာတစောင်ထွက်လာသည်။ ၎င်းစာအရ “ပထမသတင်း ပေးတိုင်တန်းချက်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိ” ဟုဖော်ပြထားသည်။ သို့ဖြစ်၍ ထင်ရှားသည်မှာ ဖေဖော်ဝါ ရီလ ၁၇ ရက် နှစ်ဖက်အချင်းဖြစ်ကြသည့်အချိန်အထိ NUG ၏ပြည်ထဲရေးဝန်ကြီးဌာနသည် ရဲစခန်းတွင်တရား ဝင်တိုင်တန်းမှု (First Information Report) မပြုရသေးပါ။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေနှင့်အညီ အမှုကို တရားဝင်ဖွင့်လှစ်ထားခြင်းမရှိဘဲ BNRA နှင့်၎င်းတွင်တာဝန်ယူနေကြသော ခေါင်းဆောင်အချို့တို့အား လက်နက် ကိုင်တပ်ဖွဲ့များစုစည်း၍ အရေးယူရန်ကြိုးပမ်းခြင်းမှာ ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အတိအလင်း ဆန့်ကျင်လျက် ရှိသည်။ မသင်္ကာသည့် စွပ်စွဲခံရသူများ ကျူးလွန်နိုင်သည့်ပြစ်မှုများမှာ ဝရမ်းမှု (သို့) သမ္မာန်မှုများဖြစ်ပါက သက်ဆိုင်ရာတရားရုံးက တရားသူကြီးလက်မှတ်ထိုး၊ တရားရုံးတံဆိပ်ခတ်နှိပ်ကာ ဝရမ်းစာ (သို့) သမ္မာန်စာများ ထုတ်ပေးရပါမည်။ ယင်းတို့ကိုကိုင်စွဲလျက် သက်ဆိုင်ရာပြည်သူ့ရဲတပ်ဖွဲ့က သံသယဖြစ်ခံရသူအား ဖမ်းဆီးရန် ကြိုးပမ်းရပါမည်။ သို့ရာတွင် ယခုမှုခင်း၌ ယင်းသို့ဆောင်ရွက်ခဲ့ကြောင်း မတွေ့ရပါ။ ပို၍ဆိုးဝါးသည်မှာ ရဲတာဝန်နှင့် မည်သို့မျှမသင့်တော်သော PDF လက်နက်ကိုင်တပ်များအား စည်းရုံးစုစည်းကာ BNRA ဗိုလ်နဂါးနှင့် ၎င်း၏တာဝန်ရှိခေါင်းဆောင်များအား အကြမ်းဖက်ဖမ်းဆီးရန်ကြိုးပမ်းခြင်းသည် NUG က ဥပဒေစိုးမိုးရေးကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခြင်း ဖြစ်သည်။ ယင်းသို့ လုံးဝမဖြစ်သင့်ပါ။

(၃)        ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ပေါက်ဖွားလာသော အမျိုးသားညီညွတ်ရေးအစိုးရသည် တော်လှန်ရေး ၅ နှစ်တာကာလအတွင်း နိုင်ငံရေးအရ တိုင်းရင်းသားခုခံစစ်ဆင်အဖွဲ့များနှင့်အတူ လက်တွဲ၍ စစ်ဒေသအတွင်း မြို့သိမ်း၊ စခန်းသိမ်းစစ်ဆင်ရေးများတွင် အောင်ပွဲရရှိသည်အထိ ပူးပေါင်းတိုက်ပွဲဝင်နိုင်ခြင်းနှင့် နယ်မြေတချို့ကို စိုးမိုးထိန်းချုပ်ထား နိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံရေးအရ ပြည်တွင်းနှင့်နိုင်ငံတကာ၏ ထောက်ခံမှု အတိုင်းအတာတခု အထိရရှိနိုင်ခဲ့သည်ကို အသိအမှတ်ပြု တန်ဘိုးထားရမည်ဖြစ်သည်။ သို့ဖြစ်၍ NUG ကို တော်လှန်ရေးပြီးသည်အထိ နိုင်ငံရေး၊ ဥပဒေရေးတွေမှာ ဦးဆောင်မှုပြုစေလိုသည်။ ဤသည်မှာ ဘက်တဘက် ဖြစ်သည်။ အခြားတဘက်တွင် NUG က ခန့်အပ်တာဝန်ပေးထားသည့် ဒေသန္တရအာဏာပိုင်အချို့တို့၏ လူ့အခွင့် အရေးချိုးဖောက်မှု၊ ဥပဒေစိုးမိုးရေးကို ဥပေက္ခာပြုမှု၊ ပြည်သူလူထုတို့အတွက် တရားမျှတမှုရှာဖွေပေးရန် ပျက်ကွက်မှု စသည်တို့ကြောင့် NUG စိုးမိုးထားသော ဒေသများအတွင်းမှာပင် ငြိမ်းချမ်းမှုမရနိုင်သည့်အခြေအနေ ကိုတွေ့နေရသည်။

(၄)        NUG သည် ဥပဒေစိုးမိုးရေး အခြေခံကနေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်လာရေးအတွက် လက်တွေ့ကျ၍ ထိရောက်သော ပြုပြင်ပြောင်းလဲရေး လုပ်ဖို့အချိန်ရောက်ပြီ။ ထိုသို့လုပ်ဆောင်ရာတွင် တရားစီ ရင်ရေးကဏ္ဍကို အထူးအလေးပေးသင့်သည်။ လက်ရှိချိန်တွင်မူ ဖက်ဒရယ်တရားလွှတ်တော်ချုပ်ကို မတည် ထောင်နိုင်သေးသဖြင့် တရားရေးဝန်ကြီးဌာနရှိ ကြားကာလတရားစီရင်ရေးဆိုင်ရာ ဦးစီးဌာနကသာ တာဝန်ယူ လုပ်ဆောင်နေရပါသည်။ ထို့ကြောင့် NUG သည် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တရပ်ကို အတည်ပြုပြီးနောက် ဖက်ဒရယ်တရားလွှတ်တော်ချုပ်အား အမြင့်ဆုံးတရားရုံးအဖြစ်တည်ထောင်ရန် လိုအပ်နေသည်။ သို့မှသာ အခွင့်အရေးနစ်နာသူများသည် ပြန်လည်ကုစားမှုကို အမြင့်ဆုံးတရားရုံးအထိရှာဖွေ နိုင်မည်ဖြစ်သည်။ ဤကဲ့သို့ တိုင်းပြည်ယန္တရား၊ တိုင်းပြည်အဆောက်အအုံများ ခိုင်မာစွာမတည်ဆောက်နိုင်ခြင်း သည် လူထု၊ နိုင်ငံတကာယုံကြည်မှုနှင့် အသိအမှတ်ပြုမှုကို တည်ဆောက်ရာတွင် အဟန့်အတားဖြစ်လျက်ရှိ နေသည်။

(၅)       ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ (၁၈) ရက်ည အရေးပေါ် ထုတ်ပြန်ချက် တွင်စွပ်စွဲထားသည့် ရာဇဝတ်မှုတခုချင်းစီအတွက် စွပ်စွဲသူ၏အမည်နာမ တိကျစွာဖော်ပြထားခြင်းမရှိဘဲ BNRA  အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်များဟု ခြုံ၍စွဲစွပ်ထားခြင်းမှာ ဥပဒေကြောင်းအရ လုပ်ထုံးလုပ် နည်းနှင့်လည်း ဆန့်ကျင်လျက်ရှိနေသည်။ ထို့အပြင် ရာဇဝတ်မှုကျူးလွန်သည်ဟု စွပ်စွဲ၍စစ်အင်အား အမြောက် အများအသုံးပြုကာ စစ်ဆင်နွဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် ရာဇဝတ်ဥပဒေကြောင်းကိုလည်းကောင်း၊ ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ (မူရင်း) ကိုသော်လည်းကောင်း ဆန့်ကျင်လျက်ရှိသည်။ NUG တွင် ယခုကဲ့သို့ ပြည်နယ်/ယူနစ်တခုကို အခြေပြုလျက်ဖွဲ့စည်းတည်ထောင်သည့် လက်နက်ကိုင်တပ်တခု၏ တပ်ဖွဲ့ဝင်များ ရာဇဝတ်မှုများကျူးလွန်ပါက အရေးယူဆောင်ရွက်ရန်အတွက် ဥပဒေကြောင်းအခြေခံရှိမနေပါ။ အနည်းဆုံး အားဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရခေတ်၌ ပြဌာန်း၊ အတည်ပြု၊ ကျင့်သုံးခဲ့ပြီး ယနေ့အချိန်အထိ အထိုက် အလျောက် ခေတ်မီလျက်ရှိသော ၁၉၅၉ ခုနှစ် တပ်မတော်အက်ဥပဒေ (မူရင်း) အား တရားဝင်တည်ဆဲဥပဒေ အဖြစ်ကြေညာကာ ထိထိရောက်ရောက် ကျင့်သုံးသင့်သည်။ BNRA နှင့်ပဋိပက္ခဖြစ်ခဲ့သောကိစ္စရပ်တွင် ပြစ်မှု ဆိုင်ရာကျင့်ထုံးဥပဒေကိုလည်းကောင်း၊ ၁၉၅၉ ခုနှစ်တပ်မတော်အက်ဥပဒေ (မူရင်း) ကိုလည်းကောင်း ကျင့်သုံး သည့်အထောက်အထား လုံးဝမတွေ့ရပါ။ NUG သည်မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအနေဖြင့် ကမ္ဘာသိကြေညာ၊ ရပ်တည်လျက်ရှိရာ ၎င်း၏လုပ်ငန်းမှန်သမျှသည် ဥပဒေနှင့်အညီသာဖြစ်ရပါမည်။ မည်သည့်ဥပဒေမဲ့လုပ်ရပ်မျိုး ကိုမျှ မလုပ်ဆောင်သင့်ပါ။

(၆)       လက်တွေ့တွင်မူ ပြည်သူ့ကာကွယ်ရေးတပ်မတော်အား စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်အထိ ကာကွယ်ရေးမူဝါဒကိုသာ အခြေခံ၍ ဖွဲ့စည်းတည်ထောင်ထားပြီး၊ စစ်သည်တော်များ လိုက်နာရမည့်ကျင့်ဝတ်နှင့် စည်းမျဉ်းစည်းကမ်းတို့ဖြင့်သာ ကွပ်ကဲထိန်းချုပ်နေရသည်။ သို့ဖြစ်၍ ၎င်း၏အပြည့်အဝကွပ်ကဲမှုအောက်ရှိ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၏ တပ်ဖွဲ့ဝင်တဦးချင်းစီ သို့မဟုတ် အစုအဖွဲ့လိုက်၏ ပြစ်မှုကြောင်းအရဖြစ်စေ၊ အမိန့်နာခံမှုအရဖြစ်စေ ကျူးလွန်သောပြုလုပ်မှု၊ ပျက်ကွက်မှုတို့အား ဥပဒေနှင့်အညီစနစ်တကျ ထိန်းချုပ်ကွပ်ကဲ နိုင်ခြင်းနှင့် အပြစ်ပေး၊ အရေးယူနိုင်ခြင်းမရှိဖြစ်နေသည်။ အကျိုးဆက်အနေဖြင့် ပြည်သူလူထုသည် လည်းကောင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များသည်လည်းကောင်း ၁၉၅၉ တပ်မတော်အက်ဥပဒေ (မူရင်း) ၏ စည်းနှောင်မှုနှင့် အကာအကွယ်ကိုမရနိုင်သည့် အခြေအနေဖြစ်နေသည်။ တော်လှန်ရေးကာလအတွင်းမှာပင် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အခြားအရေးကြီးသော ဥပဒေများနှင့်အတူ ၁၉၅၉ ခုနှစ် တပ်မတော်အက် ဥပဒေ (မူရင်း) အားလေးစား၊ လိုက်နာ၊ ကျင့်သုံးမှသာ ဥပဒေစိုးမိုးရေးကို အထောက်အပံ့ ဖြစ်စေနိုင်မည် ဖြစ်သည်။    

(၇)       BNRA အဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးနှင့် ပတ်သက်မှုရှိသည်ဟူ၍ ယင်းမာပင်ခရိုင် မြို့နယ် ပကဖ က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကံကြီးရွာ၊ ဒက္ခိဏာရုံရွှေကျင်ကျောင်းတိုက် ဆရာတော် သက်တော် ၄၅ ကျော်အရွယ်  ဦးအရိယာဝံအား ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဖမ်းဆီးပြီး စစ်ဆေးမှုလုပ်နေကြောင်းသိရသည်။ သို့သော် ဗိုလ်နဂါး၏ ညီမဖြစ်သူ မဝါဝါခိုင်အား ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ၎င်း၏နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီး မည်သည့်ဥပဒေ၊ မည်သည့်လုပ်ထုံးလုပ်နည်းများ၊ မည်သည့်အကြောင်းပြချက်များဖြင့်ဖမ်းဆီး ကြောင်းထုတ်ပြန်ထားခြင်းမရှိပေ။ ဖမ်းဆီးခံရသူများသည် မည်သည့်အခြေအနေတွင်မဆို ဖမ်းဆီးရခြင်း အကြောင်းကို သိရှိခွင့်နှင့် သံသယရှိရုံနှင့် ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်၊ ဖမ်းဆီးခံရပြီးနောက် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခွင့်၊ ဆေးစစ်ခံယူမှု အပါဝင် ကျန်းမာရေးစောင့်ရှောက်မှုရယူခွင့်၊ ဖမ်းဆီးချုပ်နှောင်ထားခံရစဉ်အတွင်း သင့်သင့်လျေက်ပတ်သော စားရေး၊ နေရေးစီစဉ်မှုရယူခွင့်၊ ညှင်းပမ်းနှိပ်စက်ကာစစ်ဆေးမေးမြန်းခံရခြင်းမှ ကင်းလွတ်ခွင့် စသည့်အခွင့်အရေးများကို ချုပ်နှောင်ခံရသူများအား အပ်နှင်းရမည်ဖြစ်သည်။လက်ရှိအချိန်အထိ ဖမ်းဆီးသည့်အကြောင်းအရင်း၊ ဖမ်းဆီးချုပ်နှောင်ထားသည့်နေရာ မသိရှိရသည်မှာ ဖမ်းဆီးခံရသူ၏အခွင့် အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။

အထက်ပါအားနည်းချက်များကို ပြုပြင်ပြောင်းလဲရေး အချိန်မီမလုပ်နိုင်ပါက တော်လှန်ရေးအတွင်း အမျိုးသားညီညွတ်ရေးအိစုးရ NUG ၏ အခန်းကဏ္ဍမှာ တဖြည်းဖြည်းမှေးမှိန်ကျန်ကာ စိုးရိမ်ရသည့် အခြေအနေ သို့ရောက်သွားနိုင်သည်။

ထောက်ခံတင်ပြချက်များ

၁။ NUG က BNRA မှ ဥပဒေမဲ့ဖမ်းဆီးထားသော ရဲဘော်၊ ရဲမေများနှင့် ၎င်းတို့နှင့်ဆက်စပ်ကာ မသင်္ကာ ဟုဆိုကာ သံဃာတော်အရှင်သူမြတ်တပါးနှင့် ရပ်သူရွာသားများအားလုံးကို ခြွင်းချက်မရှိအမြန်ဆုံး ပြန်လွတ်ပေးရန်။ ပြစ်မှုကြောင်းအရ တိတိကျကျ တရားစွဲဆို၊ ရုံးတင်နိုင်ခြင်းမရှိဘဲ သံသယဖြစ်ရုံမျှနှင့် ဖမ်းဆီး၊ ချုပ်နှောင်ကြသည့် NUG အာဏာပိုင်တို့အား ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၃၃၉) အရ မတရား တားဆီးကန့်ကွက်မှုနှင့်လည်းကောင်း၊ ပုဒ်မ (၃၄၀) အရ မတရားချုပ်နှောင်ထားမှုနှင့် လည်းကောင်း အရေးယူရန်။ အထက်ပါပြစ်မှုများ ကျူးလွန်ခံရသဖြင့် နစ်နာသွားသည့် ပြည်သူလူထုများအတွက် ထိုက်သင့်သည့် လျော်ကြေးငွေများပေးအပ်ရန်။

၂။ NUG လွှမ်းမိုးထားသောဒေသများတွင်မက အခြားတော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသား အင်အားစုများလွှမ်းမိုးထားသည့် ဒေသများတွင်ပါ လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်ပြီး လိုအပ်သော အရင်းအမြစ်များဖြည့်ဆည်းခံရသည့် တရားစီရင်ရေးပေါ်ထွန်းလာရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်။

၃။ နောင်ကို တော်လှန်ရေးအင်အားစုများအပါအဝင် ပြည်သူလူထုတရပ်လုံး၏ အခြေခံလွတ်လပ်မှုနှင့် လုံခြုံမှုအခွင့်အရေးများအား မထိပါးနိုင်စေရေးအတွက် တိုင်းရင်းသားပြည်နယ်များနှင့်ညှိနှိုင်းကာ NUG က ကမကထပြုလျက် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် အမြန်ဆုံးပေါ်ထွန်းလာရေး ကြိုးပမ်းဆောင်ရွက်ရန်။

Comments are disabled