ဥပဒေအထောက်အကူပြုကွန်ရက်က “အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသ အခြေပြုတော်လှန်ရေးအင်အားစုများအကြားက ပဋိပက္ခအားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှု အခြေခံစံတန်ဘိုးရှုထောင့်မှ သုံးသပ်ထုတ်ပြန်ချက်” ကိုတင်ဆက်လိုက်ပါသည်။
ဤထုတ်ပြန်ချက်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် လှုပ်ရှားနေကြသော ဒေသခံတော်လှန်ရေးအင်အားစုအသီးသီးအကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စစ်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာ တင်းမာမှုများအပေါ် ဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် တရားမျှတမှုဆိုင်ရာ အခြေခံစံတန်ဖိုး ရှုထောင့်များမှ နေ၍ အသေးစိတ် ဓမ္မဓိဋ္ဌာန်ကျကျ သုံးသပ်တင်ပြထားသည့် ထုတ်ပြန်ချက်တရပ်ဖြစ်ပါသည်။ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အမိန့်ပေးကွပ်ကဲမှုစနစ်အောက်သို့ တော်လှန်ရေးအဖွဲ့များအားလုံးကိုစုစည်းရန် ကြိုးပမ်းရာတွင် ဖြစ်ပေါ်လာသည့် မြေပြင်ပဋိပက္ခများ၊ ကိုယ်ပိုင်ပြဌာန်းခွင့် ငြင်းပယ်ခံရမှုများနှင့် တရားမဲ့ဖမ်းဆီးထိန်းသိမ်းမှုများကြောင့် တော်လှန်ရေးညီညွတ်မှုကို မည်ကဲ့သို့ ထိခိုက်စေသည်ကို လေ့လာ၊ တင်ပြထားပါသည်။
ထို့ပြင် လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ် ဖဆပလအစိုးရ၏ ဗဟိုချုပ်ကိုင်မှုအလွဲများကြောင့် ရာစုနှစ်ဝက်ကျော် ကြာမြင့်ခဲ့သည့် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပုံကို သမိုင်းသင်ခန်းစာအဖြစ် ထောက်ပြထားပြီး၊ လက်ရှိတော်လှန်ရေးကာလအတွင်း အပြစ်ကင်းမဲ့ကြောင်း မှတ်ယူခွင့်နှင့် မျှတစွာစစ်ဆေးစီရင်ပိုင်ခွင့်များ လစ်ဟာနေမှုကို နိုင်ငံတကာဥပဒေစံနှုန်းများနှင့် နှိုင်းယှဉ်ဝေဖန်ထားပါသည်။
အဆိုပါ အားနည်းချက်များကို ကျော်လွှားနိုင်ရန်အတွက် လွတ်လပ်သော တရားစီရင်ရေးစနစ် ထူထောင်ရန်၊ စစ်ဘက်ဆိုင်ရာဥပဒေနှင့် စည်းကမ်းများကို တိကျစွာ ပြဌာန်းရန်နှင့် ဗဟိုချုပ်ကိုင်မှုစနစ်ကို စွန့်လွှတ်ကာ အောက်ခြေမှအထက်သို့ သွားသော ဖက်ဒရယ်ဒီမိုကရေစီ အုတ်မြစ်ချနိုင်ရန်အတွက် မူဝါဒရေးရာ ပြုပြင်ပြောင်းလဲရန် အကြံပြုချက်များကိုပါ ဤသုံးသပ်ချက်၌ အလေးအနက် တောင်းဆိုတင်ပြထားပါသည်။

No comment