‘ဝ’ ဒေသအတွင်းရှိ ပြည်သူများထံ ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က နှစ်ပေါင်း များစွာ ထောက်ပံ့ပေးနေခဲ့သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအကူအညီများ မကြာသေးမီက ရပ်ဆိုင်းသွားကြောင်း သိရသည်။ လူသားချင်းစာနာမှုရေးရာ အကူအညီများ ပေးအပ်နိုင်ခွင့်သည် ပြိုင်ဘက် နိုင်ငံရေးအာဏာပိုင်များ၏ ဆုံးဖြတ်ပိုင်ခွင့်အာဏာ သို့မဟုတ် ပြောင်းလဲနေသော စစ်ရေး အခြေအနေများအပေါ်တွင် မှီတည်နေခြင်းမျိုး မဖြစ်သင့်ပေ။ ယင်းအစား ဥပဒေကြောင်းအရ တိကျ သေချာမှု၊ တိုင်းပြည်အဆောက်အအုံများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးမှုတို့ကို အာမခံချက်ပေးနိုင်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ မူဘောင်တခု အပေါ်တွင်သာ အခြေခံရမည်ဖြစ်သည်။ သို့ဖြစ်ရာ လက်ရှိ အခြေအနေများသည် ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးပါတီ (ဝသပ) အနေဖြင့် ‘ဝ’ ဒေသ၏ အုပ်ချုပ်ရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံရမည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အုတ်မြစ်ကို ပြန်လည်သုံးသပ်ရန် အရေးကြီးသော အချိန်ပင်ဖြစ်သည်။
‘ဝ’ ဒေသသည် မြေပြင်ထိန်းချုပ်နယ်မြေတွင် အုပ်ချုပ်ရေးယန္တရား ချမှတ်ဖော်ဆောင်ကာ De facto အဆင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အတိုင်းအတာတခုအထိ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည်။ သို့ရာတွင် အဆိုပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၏ အတိုင်းအတာမှာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ထူထောင်ထားသော မူဘောင်အောက်၌ နိုင်ငံရေးအရ အခြေအနေကြည့် ဆောင်ရွက်ရမှုများနှင့် ဥပဒေ ကြောင်းအရ မရေရာမှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်သည် စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ဆိုင်ရာ အချုပ်အခြာအာဏာကို အသိအမှတ်မပြု သည့်အပြင် အဓိပ္ပာယ်ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိစေရေး အတွက်လည်း လုံလောက်သော အာမခံချက်များ ပေးအပ်ထားခြင်းမရှိပေ။ ထို့ပြင် အဆိုပါမူဘောင်သည် ပြည်ထောင်စု၏ အစိတ်အပိုင်း အသီးသီးအပေါ် စစ်တပ်အာဏာပိုင်များ၏ ဗဟိုအဆင့် အထက်စီးမှ စီမံခန့်ခွဲခွင့်ကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။ သို့ဖြစ်၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအစုအဖွဲ့များ၏ စီမံအုပ်ချုပ်ခွင့်အာဏာ ကျင့်သုံးမှု များအပေါ် ဗဟိုအာဏာပိုင်များက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အာဏာ သို့မဟုတ် စစ်ဘက်ဆိုင်ရာ အာဏာကို ကျင့်သုံးရန် တဖက်သတ် ရွေးချယ်သည့် မည်သည့်အချိန်မဆို ဝင်ရောက်စွက်ဖက်ခံရနိုင်သည့် စိုးရိမ်ရသော အခြေအနေတွင် ရှိနေပါသည်။
လတ်တလော ဖြစ်ပေါ်နေသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဖြစ်စဉ်များသည် အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အားနည်းချက်၏ လက်တွေ့အကျိုးဆက်များကို မီးမောင်းထိုးပြ နေသည်။ စားနပ်ရိက္ခာဖူလုံရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် အားနည်းသော အရပ်သားပြည်သူများ တို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စီမံကိန်းများသည် မရှိမဖြစ်လိုအပ်သည်။ ယင်းတို့ အပေါ် ဒေသန္တရအဖွဲ့အစည်းများ၏ စီမံကွပ်ကဲနိုင်မှုကို ကျော်လွန်ကာ ဗဟိုအာဏာပိုင်များ၏ နိုင်ငံရေး အရ ကန့်သတ်ပိတ်ပင်မှုများအောက်သို့ ကျရောက်သွားနိုင်သည်။ ထိုသို့သော အခြေအနေများမှာ ‘ဝ’ လူမျိုးများသာမက ‘ဝ’ ဒေသအတွင်း မှီတင်းနေထိုင်ကြသော အခြားသော တိုင်းရင်းသား အသိုင်းအဝိုင်း များစွာအတွက်ပါ မလိုလားအပ်သည့် လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်များထံသို့ တွန်းပို့ရာ ရောက်စေသည်။ သို့ဖြစ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ မသေချာမရေရာမှုသည် လူသား လုံခြုံရေးအတွက် တိုက်ရိုက် ခြိမ်းခြောက်စိန်ခေါ်မှုတခု ဖြစ်လာပါသည်။
ထို့ကြောင့် ‘ဝသပ’ အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်၏ ကန့်သတ်ချက်များ အပေါ် ဆက်လက်မှီခိုနေမည့်အစား ကြားကာလ သို့မဟုတ် အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသစ်မှတဆင့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်များကို ရယူရေး စဉ်းစားရန်လိုပေလိမ့်မည်။ စစ်မှန်သော ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအပေါ်အခြေခံသည့် စီစဉ်တည်ထောင်မှုသည် ပြည်ထောင်စုနှင့် ၎င်း၏ အဖွဲ့ဝင်ပြည်နယ်၊ ယူနစ်များအကြား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို ရှင်းလင်းစွာ ခွဲဝေ အပ်နှင်းသည်။ သို့ဖြင့် ဥပဒေကြောင်း ဆိုင်ရာ ခိုင်မာရေရာမှုကို အာမခံပေးမည် ဖြစ်သည်။ ထိုကဲ့သို့သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ စီစဉ်တည်ထောင်မှုသည် ဒီမိုကရက်တစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူများအောက်တွင် ဖက်ဒရယ် ပြည်ထောင်စု၏ ညီညွတ်မှုကို ထိန်းသိမ်းထားသည့် တချိန်တည်းမှာပင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ခိုင်မာသည့် ဥပဒေကြောင်းဆိုင်ရာ အခြေခံကောင်း တခုကို ပေးအပ်နိုင်မည် ဖြစ်ပါသည်။
ထို့အတူပင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက်များသည် နိုင်ငံရေးအာဏာ လွှမ်းမိုးမှုကို ကျော်လွန်ကာ လူသားချင်းစာနာမှုဆိုင်ရာ စီမံခန့်ခွဲမှုများအထိပါ လွှမ်းခြုံနိုင်ရမည် ဖြစ်သည်။ သမိုင်းအစဉ်အဆက်၌ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်း များသည် ၎င်းတို့၏ အကူအညီပေးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်ထောင်စု၊ ပြည်နယ်နှင့် ဒေသန္တရဆိုင်ရာအာဏာပိုင်များက ရှင်းလင်းစွာ သတ်မှတ်ထားသော ဥပဒေမူဘောင်အတွင်းမှ ပူးပေါင်း ဆောင်ရွက်သည့်အခြေအနေ၌ အထိရောက်ဆုံး လည်ပတ်ဆောင်ရွက်နိုင်ခဲ့ကြသည်။ ဖက်ဒရယ်စနစ် အများအပြားတွင် လူသားချင်းစာနာမှုဆိုင်ရာ အေဂျင်စီများသည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အသိအမှတ်ပြုထားသည့် အစိုးရ၏ အဆင့်ဆင့်သော တိုင်းပြည်အဆောက်အအုံများမှတဆင့် အောင်မြင်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ကြသည်။ ယင်းသို့သော စီမံဆောင်ရွက်မှုများသည် လူသားချင်း စာနာမှုအကူအညီများ ပေးအပ်နိုင်ရေး၊ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး၊ ထောက်ပံ့ပို့ဆောင်မှု အစီအမံများ ရေးဆွဲရေး၊ ပြည်သူ့အပေါ် တာဝန်ယူမှုရှိရေးနှင့် အရပ်သားပြည်သူများထံသို့ အကူအညီများ အနှောင့်အယှက်မရှိ ရောက်ရှိရေးတို့အတွက် လွယ်ကူချောမွေ့စေပါသည်။ သို့ဖြစ်၍ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များ၏ ထိရောက်မှုသည် ဘဏ္ဍာရေး အရင်းအမြစ်များအပေါ်၌ သာမက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရှင်းလင်းပြတ်သားမှုနှင့် တိုင်းပြည်အဆောက်အအုံများ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုတို့အပေါ်တွင်ပါ မှီတည်နေပေသည်။
ထို့ကြောင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ အနေဖြင့် ရှင်းလင်းသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာမခံမှု ပြုသင့်သည်။ တချိန်တည်းမှာပင် ပြည်နယ်၊ ယူနစ်များအနေဖြင့် အမျိုးသားအဆင့် သဘောတူညီထားသည့် ဥပဒေစံသတ်မှတ်ချက်များကို အလေးအနက်ပြုလျက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် ဥပဒေအရ ပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အလားတူ တိကျပြတ်သားသော အာမခံချက်များကို ပေးအပ်ထားသင့် ပါသည်။ ထိုကဲ့သို့သော အာမခံချက်များသည် မရေရာမှုများကို လျှော့ချပေးပါမည်။ တိုင်းပြည် အဆောက်အအုံများအပေါ် အခြေခံလျက် တရားဝင်မှုရှာဖွေခြင်း (Institutional Legitimacy) ကို အားကောင်းစေပါမည်။ နိုင်ငံရေး မတည်ငြိမ် သို့မဟုတ် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့် ကာလများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း မြှင့်တင်ပေးပါမည်။ အဆိုပါတို့ကိုမျှော်မှန်းလျက် လူထုကို လွှမ်းမိုးနေကြသည့် အုပ်ချုပ်ရေးအာဏာပိုင်များအနေဖြင့် မိမိတို့ စိတ်တိုင်းကျ နိုင်ငံရေးဆုံးဖြတ်ချက် ချမှတ်မှုများအပေါ် ကန့်သတ်သင့်ပါပြီ။ ၎င်းတို့သည် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ သတ်မှတ် အပ်နှင်းထားသော အခွင့်အရေးများနှင့် တာဝန်များကို လေးစားလိုက်နာသင့်ပြီဖြစ်သည်။
ထို့ကြောင့် လူသားချင်းစာနာထောက်ထားမှုအခွင့်အရေး လက်လွတ်ဆုံးရှုံးခဲ့ရသော ဝသပ ၏ ဖြစ်ရပ်အား ကင်းလွတ်ခွင့်ရ ထူးခြားဖြစ်စဉ်တခုအဖြစ် မရှုမြင်သင့်ပါ။ ပိုမိုကျယ်ပြန့်သော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု မူဘောင်အတွင်းမှသာ နားလည်သဘောပေါက်သင့်ပါသည်။ ဖက်ဒရယ် ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်၊ ယူနစ်တိုင်းအနေဖြင့် တိုင်းရင်းသားလူမျိုး တမျိုးမျိုးဖြစ်ခြင်း၊ နိုင်ငံရေးသမိုင်းကြောင်း သို့မဟုတ် ပထဝီဝင်တည်နေရာ အစရှိသည်တို့ မည်သို့ပင်ရှိစေကာမူ ယင်းတို့အပေါ် အဓိကထားလွန်းခြင်းမျိုး မဖြစ်သင့်ပါ။ ဥပဒေကြောင်းအရ တန်းတူညီမျှမှု၊ အဓိပ္ပာယ် ပြည့်ဝသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ယုံကြည်စိတ်ချရသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့မှ ရရှိသည့်အကျိုးစီးပွားများကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ စီမံ ဆောင်ရွက်မှုများနှင့်အညီ သေချာစေသင့်ပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာမခံချက် များကို ဒေသအချို့အတွက် ပေးအပ်ထားသည့် အထူးအခွင့်အရေးများအဖြစ် သဘောမထားသင့်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအတွင်းရှိ အဖွဲ့ဝင်ပြည်နယ်၊ ယူနစ်အစိတ်အပိုင်းအားလုံးက တန်းတူညီမျှ ခံစားပိုင်ခွင့်ရှိသည့် ဥပဒေကြောင်းဆိုင်ရာ အကာအကွယ်များအဖြစ် ရှုမြင်သင့်ပါသည်။
နောက်ဆုံးအနေဖြင့် လက်ရှိ ‘ဝ’ ဒေသ၌ ရင်ဆိုင်ကြုံတွေ့နေရသော လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများသည် မြန်မာနိုင်ငံအတွက် ပိုမိုကျယ်ပြန့်သော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ သင်ခန်းစာတခုဖြစ်ကြောင်းကို ပိုမိုခိုင်မာစေပါသည်။ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ ထိရောက်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ရေရှည်ခိုင်မြဲသော လူသားချင်းစာနာမှုဆိုင်ရာ အကာအကွယ်ပေးမှုတို့သည် ယာယီနိုင်ငံရေးဆိုင်ရာ လိုက်လျောညှိနှိုင်းမှုများ သို့မဟုတ် အုပ်ချုပ်ရေးဆိုင်ရာ အလေ့အထများ အပေါ်၌သာ လုံးလုံးလျားလျား မှီတည်နေ၍ မရနိုင်ပါ။ ထိုအရာများသည် ဥပဒေစိုးမိုးရေး၊ အဖွဲ့ဝင် ပြည်နယ် သို့မဟုတ် ယူနစ်များအကြား တန်းတူညီမျှမှုရှိရေး၊ အကန့်အသတ်ရှိ အစိုးရအာဏာ ကျင့်သုံးမှုနှင့် ရှင်းလင်းစွာ ခွဲဝေပြဋ္ဌာန်းထားသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ အာဏာစက် တို့အပေါ်အခြေခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာ တိုင်းပြည်အဆောက်အအုံများကို လိုအပ် ပါသည်။ ထိုကဲ့သို့သော မူဘောင်အတွင်း၌သာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသန္တရ အစိုးရများ၊ ပြည်နယ်အဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုအစိုးရတို့သည် ဖက်ဒရယ်ပြည်ထောင်စု အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူအပေါင်း၏ အသက်အိုးအိမ်၊ ဂုဏ်သိက္ခာနှင့် သာယာဝပြောရေး တို့ကို ကာကွယ်စောင့်ရှောက်ရာတွင် ပိုမိုကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ကြမည် ဖြစ်ပါသည်။
