နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့က မြန်မာနိုင်ငံအား နာမည်ပျက်စာရင်း တင်သွင်းထားခြင်းမှ ပယ်ဖျက်ပေးပါရန် ဂျပန်နိုင်ငံ၏ ကမကထပြု တောင်းဆိုမှုနှင့် စပ်လျဉ်းသော ထုတ်ပြန်ချက်

(၁) နိဒါန်း

            မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေတိုးတက်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတကာက စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဒေသတွင်းတည်ငြိမ်မှုအား ပံ့ပိုးပေးခြင်းတို့ကို တဘက်တွင် လိုလား တန်ဖိုးထားပါသည်။ အခြားတဘက်တွင်မူ မြန်မာနိုင်ငံတွင် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ခိုင်မာရုံသာမက လွတ်လပ်စွာအတည်ပြုနိုင်သည့်အပြင် ကြာရှည်တည်တံ့ခိုင်မြဲမည့် တိုးတက်မှုများ မရှိဘဲ အထက်ပါလိုလားချက်များအား ဖော်ဆောင်ပါက တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး၏ အကျိုးစီးပွားကို ထိခိုက်နိုင်ပါသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက် စီးပွားရေး အပါအဝင် ဘက်ပေါင်းစုံတွင် ယိုယွင်း၊ ကျဆင်း၊ ပျက်စီးလျက်ရှိနေသည်ကို သတိပြုသင့်ပါသည်။ ယင်းတို့မှာ စစ်တပ်နောက်ခံပြုထားသော စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်သည်။ ယင်းစနစ်ကို အတိအလင်း ရှင်းလင်း၊ ဖယ်ရှားခြင်း မပြုနိုင်သေးဘဲ (ဂျပန်နိုင်ငံအပါအဝင်) နိုင်ငံတကာက စီးပွားရေးအရ စစ်အာဏာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ပါက ၎င်းတို့အား တရားဝင် အသိအမှတ် ပြုရာရောက်နိုင်သည့်အပြင် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ပံ့ပိုးပေးရာလည်း ရောက်သွား ပါမည်။

ဥပဒေအထောက်အကူပြုကွန်ရက်က ထောက်ပြနေသည်မှာ နိုင်ငံတကာက မြန်မာနိုင်ငံအား ဘဏ္ဍာငွေကြေးတို့အရ မဆက်ဆံဘဲ အကန့်အသတ်မဲ့ထားရှိရန် (လုံးဝ) မဟုတ်ပါ။ လတ်တလော မှာပင် ဆက်ဆံမည်ဆိုပါက ရှင်းရှင်းလင်းလင်းရှိမှု၊ တာဝန်ခံမှု၊ ဥပဒေစိုးမိုးရေးအား လေးစား၊ လိုက်နာ၊ ဖော်ဆောင်မှုတို့ သာမက နိုင်ငံ၏ ဘဏ္ဍာငွေကြေး အရင်းအမြစ်များအား စီမံခန့်ခွဲရာတွင် တိုင်းပြည်အဆောက်အအုံများ၏ သိသာမြင်သာသော တိုးတက်ဖွံ့ဖြိုးမှုတို့ ရှိလာစေရန် (ဂျပန်နိုင်ငံ အပါအဝင်) နိုင်ငံတကာက ရှေးဦးစွာ ဖိအားပေးခြင်း၊ အရေးယူခြင်းတို့ဖြင့် ပံ့ပိုးဖော်ဆောင်သင့် ပါသည်။

(၂) နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ၏ အရေးပါမှုနှင့် ၎င်း၏ နိုင်ငံတကာ တာဝန်

            ၎င်းသည် အစိုးရများနှင့်ဖွဲ့စည်းထားသော နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည်။ ငွေကြေးခဝါချမှုများကိုလည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ ငွေကြေးလွှဲပြောင်းမှုများကိုလည်းကောင်း၊ လူပေါင်းမြောက်များစွာ သေကြေပျက်စီးစေရန် လက်နက်များထုတ်လုပ်ရေးအတွက် ငွေကြေး ထောက်ပံ့မှုများကိုလည်းကောင်း တိုက်ဖျက်နိုင်ရန် နိုင်ငံတကာစံထားချက်များ တည်ဆောက်နိုင်ရေး အတွက် တာဝန်ရှိသည့်အဖွဲ့အစည်းဖြစ်သည်။ နိုင်ငံတကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) က ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံအား နာမည်ပျက်စာရင်းထဲသို့ ထည့်သွင်းခဲ့ခြင်းမှာ စိတ်ထင်ရာမြင်ရာဖြင့် ချမှတ်ခဲ့သည့် နိုင်ငံရေးဆုံးဖြတ်ချက် မဟုတ်ပါ။ စနစ်တကျ အဆင့်ဆင့် လေ့လာစုံစမ်း၊ လိုအပ်သည့် သက်ဆိုင်ရာ သက်သေခံချက်များ စုဆောင်း၊ သုံးသပ်ပြီးမှသာ ချမှတ်ခဲ့ခြင်းဖြစ်သည်။

(၃) ဘဏ္ဍာငွေကြေးဆိုင်ရာ တာဝန်ခံမှုနှင့် စစ်အစိုးရအာဏာပိုင်များ

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေမှနေ၍ ပေါ်ပေါက်လာသည့် စိုးရိမ်ဖွယ်အကောင်းဆုံးများအနက် တရပ်မှာ လူထု၏ဘဏ္ဍာငွေကြေးများအား စီမံခန့်ခွဲရာတွင် ရှင်းရှင်းလင်းလင်းနှင့် တာဝန်ခံမှုကို သေချာစေမည့်  လွတ်လပ်ပြီး ယုံကြည်လေးစားလောက်သည့် တိုင်းပြည်ယန္တရားများ ကင်းမဲ့နေခြင်းဖြစ်သည်။ အဆိုပါစိုးရိမ်မှုသည် ဖြစ်ရိုးဖြစ်စဉ် အဂတိလိုက်စားမှုများ သို့မဟုတ် ဘဏ္ဍာငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု လွဲမှားခြင်းများမျှနှင့် ကန့်သတ်ထား၍မရပါ။ ထိုကဲ့သို့ ကင်းမဲ့နေခြင်းသည် ဒီမိုကရေစီကျင့်စဉ်ကို ပြန်လည်ထိန်းသိမ်းခြင်း၊ အရပ်သားလူထုကို အကာအကွယ်ပြုခြင်းနှင့် တိုင်းပြည်၏ငြိမ်းချမ်းမှုကို ရှာဖွေခြင်းများအား ဖျက်ဆီးလျက်ရှိသည်။

(၄) ဘဏ္ဍာငွေကြေးစီးဆင်းမှုများ ရှင်းလင်း၊ တောင့်တင်း၊ ခိုင်မာခြင်းနှင့် အရပ်သားလူထုအား အကာအကွယ်ပြုခြင်း            

တိုင်းပြည်၏ ဘဏ္ဍာငွေကြေးစီးဆင်းမှုများသည် တာဝန်ခံမှုရှိစွာ ရှင်းလင်း၊ တောင့်တင်း၊ ခိုင်မာခြင်း ကင်းမဲ့နေကြောင်း တွေ့ရသည်။ သို့ဖြင့် ၎င်းတို့မှရရှိသော ဘဏ္ဍာငွေကြေးများကို အသုံးပြု၍ စစ်အာဏာရှင်အစိုးရသည် လူထုများအပေါ် လေကြောင်းမှ ဗုံးကြဲခြင်းနှင့် အရပ်သားလူထု လူဦးရေထူထပ်သော နေရာများမှာပင် စစ်ဆင်ရေးများ လုပ်ဆောင်သောအခါ ပြင်းထန်သည့် လူသားစာနာမှုဆိုင်ရာ အကြပ်အတည်းများအား သက်ရောက်ဖြစ်ပေါ်စေလျက်ရှိသည်။

၎င်းတို့မှာ ထောင်ပေါင်းများစွာသော လူထုများသည် နေရင်းရပ်ရွာ ရွှေ့ပြောင်း၊ ပုန်းအောင်း ခိုလှုံနေထိုင်ကြရသည်။ မရှိမဖြစ်သော တိုင်းပြည်အခြေခံအဆောက်အအုံများနှင့် နေအိမ်များ ပျက်စီး၊ ဆုံးရှုံးကြရသည်။ မိမိအသက်ကိုစွန့်လွှတ်လိုက်ရသော အရပ်သားလူထု အရေအတွက်လည်း တဖြေးဖြေး တိုးများလာလျက်ရှိသည်။ သန်းဂဏန်းတချို့မျှသော လူထုများအနေဖြင့် မလုံခြုံမှုနှင့် စီးပွားရေး အခက်အခဲများကို ရင်ဆိုင်နေရလျက်ရှိသည်။ လူသားစာနာမှုအကူအညီပေးသည့် အဖွဲ့အစည်းများသည်လည်း အဆိုပါကဲ့သို့ ဒုက္ခခံစားနေရသော လူထုများအား ထိရောက်စွာကူညီမှုပြုနိုင်ရန်မှာ အခက်အခဲများနှင့် ရင်ဆိုင်နေရလျက်ရှိသည်။ ယင်းသို့သော အခြေအနေနောက်ခံများတွင် နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာငွေကြေးစီးဆင်းရာ၌ တာဝန်ခံမှု ကင်းမဲ့ခြင်းအား ပိုမိုကျယ်ပြန့်သည့် တာဝန်ဖြစ်သော အရပ်သားလူထုများအား အကာအကွယ်ပေးနိုင်ရေးမှနေ၍ သီးခြားခွဲစဉ်းစား၍မရနိုင်ပေ။

(၅) မြန်မာနိုင်ငံအား နာမည်ပျက်စာရင်းတင်သွင်းထားခြင်းမှ ပယ်ဖျက်ပေးပါရန် ဂျပန်နိုင်ငံ၏ ကမကထပြုတောင်းဆိုမှုနှင့် စပ်လျဉ်း၍ စိုးရိမ်ချက်များ

(က) ဂျပန်နိုင်ငံက ထိုကဲ့သို့ ကမကထပြုတောင်းဆိုရာမှာ မြန်မာနိုင်ငံအတွင်းတွင် ရှင်းရှင်းလင်းလင်းနှင့် တာဝန်ခံမှုကိုသေချာစေမည့် လွတ်လပ်ပြီး ယုံကြည်လေးစားလောက်သည့် တိုင်းပြည် ယန္တရားများ တည်ဆောက်ပြီး ဖြစ်ပါရဲ့လား။

(ခ) စစ်အစိုးရအနေဖြင့် ငွေကြေးခဝါချမှု၊ လာဘ်စားမှုနှင့် လူထု၏အရင်းအမြစ်များအား ကိုယ်ကျိုးအတွက် တလွဲအသုံးချမှုများအား စုံစမ်းစစ်ဆေး၊ တရားစွဲဆို အရေးယူနိုင်ရေးတို့အတွက် လွတ်လပ်၊ ဘက်မလိုက်၊ ထက်မြက်သော တရားစီရင်ရေးယန္တရားများအား အဓိကထားလျက် လွတ်လပ်သော တိုင်းပြည်အဆောက်အအုံများကို ဖွဲ့စည်းတည်ဆောက်ပြီးပါပြီလား။

(ဂ) နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံတွင် ဘဏ္ဍာငွေကြေးနှင့်ဆိုင်သော အဖွဲ့အစည်းများနှင့် ဘဏ္ဍာငွေကြေးလွဲပြောင်းမှုဆိုင်ရာ လုပ်ပိုင်ခွင့်အပ်နှင်းခံရသော ပုဂ္ဂိုလ်များသည် စစ်အာဏာရှင် အစိုးရအာဏာပိုင်များ၏ မလျော်ဩဇာသုံး ဝင်ရောက်စွက်ဖက်မှုများ မရှိဘဲ ၎င်းတို့၏တာဝန်များအား လွတ်လပ်စွာ၊ ရှင်းရှင်းလင်းလင်းရှိစွာ ဆောင်ရွက်နေနိုင်သည်ဟု ယုံကြည်မှုရှိပါရဲ့လား။

(ဃ) မြန်မာနိုင်ငံတွင် စစ်တပ်ကထိန်းချုပ်ထားသော တိုင်းပြည်အဆောက်အအုံများ၊ ၎င်းတို့နှင့် ဆက်စပ်နေသော ကုန်သွယ်မှုဆိုင်ရာ အကျိုးစီးပွားများ ခံစားခွင့်မရှိစေဘဲ ဘဏ္ဍာငွေကြေး စီးဆင်းမှုဆိုင်ရာ နိုင်ငံတကာဆက်သွယ်မှု ကွန်ရက်များအား မည်သည့်လုံခြုံမှု အကာအကွယ်များနှင့် သေချာအောင်ပြုလုပ်ထားပါသလဲ။

 မြန်မာနိုင်ငံအား နာမည်ပျက်စာရင်းတင်သွင်းထားခြင်းမှ ပယ်ဖျက်ပေးပါရန် ဂျပန်နိုင်ငံ အနေဖြင့် ကမကထပြုတောင်းဆိုမှုမပြုမီ အထက်ပါမေးခွန်း လေးခုအား ဖြေကြား၊ ရှင်းလင်းပြီး ဖြစ်စေသင့်ပါသည်။

ဥပဒေအထောက်အကူပြုကွန်ရက် (LAN)                                        ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၃ ရက်

အသေးစိတ်သိလိုပါက ဆက်သွယ်ရန်

ဦးအောင်ထူး (လူ့အခွင့်အရေးရှေ့နေ၊ ဥပဒေအထောက်အကူပြုကွန်ရက်တည်ထောင်သူ)

Email- legalaidnetwork@gmail.com

Signal – (46) (076) 3944 795

Comments are disabled